top of page

ရောမရောက်ရင် ရောမလိုကျင့်

Writer: Myanmar WorshipMyanmar Worship

Do as Romans Do - ရောမရောက်ရင် ရောမလိုကျင့်


ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ကျနော်နှင့်ဆရာမမာစီတို့ ရောမမြို့ကိုရောက်ခိုက် ရောမနဲ့ပတ်သက်တဲ့ စကားပုံတခုကို အမှတ်ရသွားလို့ ဒီဆောင်းပါးကိုရေးလိုက်ပါတယ်။ 


ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အင်မတန်စိတ်လှုပ်ရှားစရာကောင်းသလို အထင်ကရနေရာ တချို့ကိုလည်း ရောက်ခဲ့ပါတယ်။


လူရှစ်သောင်းဆန့်တဲ့အားကစားရုံ နှင့် မြေအောက်ခန်းများ

အဲဒီအထဲမှာ Colosseum (ကိုလိုစီယမ်)လို့ခေါ်တဲ့ ရောမတွေရဲ့ ရှေးဟောင်းအားကစားရုံကိုလည်း ရောက်ခဲ့ပါတယ်။ 


ရောမအင်ပါယာရဲ့ ကြီးကျယ်ခမ်းနားမှုကိုလည်း ပြသလိုတာရယ် စိတ်လှုပ်ရှားစရာ အားကစားတွေကို စိတ်ဝင်စားတဲ့ရောမတွေက လူပေါင်းရှစ်သောင်းဆန့်တဲ့ ဧရာမ အားကစားရုံကို ဂျူးကျွန်ပေါင်းများစွာနဲ့ အေဒီ ၇၀ ဝန်းကျင်မှာ တည်ဆောက်ခဲ့ပါတယ်။ 


ကိုလိုစီယမ်အားကစားကွင်းအတွင်းမြင်ကွင်း

ယေရုရှလင်မြို့ကို ဖျက်ဆီးခဲ့တဲ့ ရောမအင်ပါရာတိုက်တက်စ်ရဲ့ ဖခင်က အစပြုခဲ့ပေမဲ့ မပြီးခင်မှာ သေဆုံးသွားခဲ့လို့ သားဖြစ်သူက ဆက်လက်တည်ဆောက်ပြီး အေဒီ ၈၀ ဝန်းကျင်မှာ ဖွင့်ပွဲလုပ်ခဲ့ပါတယ်။ ဒီအမိုးပွင့်အားကစားရုံကို နှစ်ပေါင်း ၅၀၀ ကျော်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ ရာသီဉတုဒဏ်၊ သဘာဝဘေးဒဏ်နှင့် စီးပွါးရေးကျဆင်းမှုတွေကြောင့် ဆက်လက်အသုံးမပြုနိုင်တော့ဘူးလို့ ဆိုပါတယ်။ 


ဒီပြပွဲရုံနဲ့တွဲပြီး လူလူချင်း (သို့) တိရစ္ဆာန်နှင့်သတ်ပုတ်ပြီး ပရိသတ်ကို ဖျော်ဖြေရတဲ့ Gladiators လို့ခေါ်တဲ့ တိုက်ခိုက်ရေးသမားတွေက အထူးလူသိများပါတယ်။ နောက်ပြီး သေဒဏ်ပေးသူတွေကို လူပေါင်းများစွာရှေ့မှာ တိရစ္ဆာန်အစာအဖြစ်ကျွေးတာလုပ်ခဲ့ပြီး အများစုဟာ ခရစ်တော်ရဲ့ နောက်လိုက်များပါဝင်ပါတယ်။ 


သားရဲတိရစ္ဆာန်တွေနဲ့ တိုက်ခိုက်ရေးသမားတွေကို ထားတဲ့မြေအောက်ခန်းများ

မိမိကိုယ်ကို “နတ်ဘုရား”များအဖြစ်ခံယူထားတဲ့ ရောမဧကရာဇ်များဟာ သခင်ယေရှုကိုသာ ဘုရားဖြစ်ကြောင်းလက်ခံတဲ့ ခရစ်ယာန်တွေကို အင်မတန်ရွံမုန်းခဲ့ကြပြီး လူမဆန်တဲ့ နည်းလမ်းတွေနဲ့ ခရစ်ယာန်တွေကို သတ်ဖြတ်ခဲ့ကြပါတယ်။ 


“ရောမရောက်ရင် ရောမလိုကျင့်” ဆိုတဲ့ စကားပုံကို ကြားဖူးကြမယ်ထင်ပါတယ်။

အဓိပ္ပါယ်ကတော့ ကိုယ်ရောက်တဲ့နေရာရဲ့ ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေအောင်နေပါလို့ ပြောချင်တာပါ။ 


သို့သော်ရှေးယုံကြည်သူတွေကတော့ ရောမတွေလို မကျင့်ခဲ့ပါဘူး။ ရောမတွေရဲ့ ပျော်ပွဲရွှင်ပွဲတွေကြားမှာ အပျော်မရှာခဲ့ကြပါဘူး။၊ ရက်ရက်စက်စက် အသေသတ်ခြင်းကိုခံရရင်လည်း ခရစ်တော်ရဲ့နောက်ကိုပဲ လိုက်ခဲ့ကြပါတယ်။ 


ဒါကြောင့်လည်း တမန်တော်ရှင်ပေါလုက ရောမဩဝါဒစာရေးတဲ့အခါမှာ အခုလို ပြတ်ပြတ်သားသားပြောရင်း ရောမမြို့က ယုံကြည်သူတွေကို အားပေးခဲ့ပါတယ်။ 


“ငါ​သည် ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်၊ ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​သည် ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌ ဟေ​လ​သ​လူ၊ ယုံ​ကြည်​သ​မျှ​သော​သူ​အ​ပေါင်း​တို့​ကို ကယ်​တင်​စေ​သော ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-” ရောမ 1:16 JBMLE

ခရစ်တော်အထဲမှာ အသစ်သောအသက်တာစတင်တဲ့သူတွေကိုလည်း ရှင်ပေါလုက အခုလို လမ်းညွှန်ခဲ့ပါတယ်။ 


“ညီ​အစ်​ကို​တို့၊ အ​သက်​ရှင်​ခြင်း​လ​က္ခ​ဏာ၊ သန့်​ရှင်း​ခြင်း​လ​က္ခ​ဏာ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​သော​ယဇ်​ကို သင်​တို့​သည် ပူ​ဇော်၍၊ မိ​မိ​ကိုယ်​ခ​န္ဓာ​ကို ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ခြင်း​တည်း​ဟူ​သော သင်​တို့​ပြု​အပ်​သော​ဝတ်​ကို ပြု​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်၏ က​ရု​ဏာ​တော်​ကို ထောက်​ထား၍၊ သင်​တို့​ကို ငါ​တိုက်​တွန်း​နှိုး​ဆော်​ပေ၏။- သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-” ရောမ 12:1-2 JBMLE

ရောမမြို့ကိုရောက်ပြီး ရောမတွေရဲ့ ယဉ်ကျေးမှုအကြောင်းကို ပိုနားလည်လာတဲ့အခါမှာတော့ ရှင်ပေါလုရဲ့ သွန်သင်ချက်တွေကို ပိုနားလည်ခဲ့ရပါတယ်။ 


ယုံကြည်သူများရဲ့ အသက်တာဟာ လော​ကီ​ပုံ​သ​ဏ္ဌာန်​ကိုဆောင်ဖို့မဟုတ်ပဲ ကောင်းကင်ပုံ​သ​ဏ္ဌာန်​ဆောင်တဲ့ အသက်တာဖြစ်ဖို့  ဘုရားသခင်အလိုတော်ရှိပါတယ်။ 


“ရောမရောက်ရင် ရောမလိုကျင့်” လို့ ပြောသလိုပဲ “ယုံကြည်သူမှန်ရင် ယုံကြည်သူလိုကျင့်” လိုပဲ ခွန်အားပေးချင်ပါတယ်။ 


DT Kim


 
 
 

3件のコメント


julice2244
2024年12月20日

Amen

いいね!

thandarshwe627
2024年12月20日

Amen amen .. great message 😇💙🙏📖

いいね!

zawmyoaung.tht
2024年12月19日

Amen ကျေးဇူးပါဆရာ။

いいね!
bottom of page