top of page
Writer's pictureMyanmar Worship

Reward ဆုလာဘ်

Updated: 5 days ago




ဒီနေ့မနက် စာပို့သမားက တံခါးခေါက်ပြီး ပါဆယ်တခုရောက်တယ်ပြောတယ်။ နာမည်ကြည့်လိုက်တော့ ကိုယ့်နာမည်နဲ့။ ခေါင်းထဲမှာတော့ ဘယ်တုန်းက မှာထားတဲ့ပစ္စည်းလဲဆိုပြီး တွေဝေနေတယ်။ ပါဆယ်ကိုဖောက်ရင်း ရင်ခုန်နေတယ်။ အထဲမှာ ဘာကြောင့် ပို့ပေးကြောင်း ရှင်းပြတဲ့ စာရွက်တရွက်နဲ့ မီးဖိုဆောင်သုံး ဟင်းချက်ဓား (၁) စုံတွေ့လိုက်ရတယ်။ အခုတော့ မှတ်မိသွားပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းကနေ မှာထားတဲ့ ပစ္စည်းဖြစ်မှန်းသတိရသွားတယ်။


ရှင်းပြပါရစေ….. မှာလိုက်တယ်ဆိုပေမဲ့ ဝယ်တာမဟုတ်ပါဘူး။ ဈေးသွားဝယ်တိုင်း ၁ ဒေါ်လာသုံးတိုင်း ပွိုင့် ၁ ပွိုင့်ရတဲ့ Flybuys Reward Card ကဒ်လေးရှိပါတယ်။ ပိုက်ဆံ တပြားမှ ကုန်စရာမလိုပဲ အကောင့်ဖွင့်ထားလို့ ရပါတယ်။ Shopping Centre တွေမှာ ဆိုင်တွေက သူတို့ဆီမှာ အများလာဝယ်အောင်ဆိုပြီး Member Card ပုံစံမျိုးထုတ်ပေးလေ့ရှိတဲ့အရာပါ။ ဈေးဝယ်တိုင်း ပွိုင့်လေးတွေ စုစုထားပြီး များလာရင် အိမ်သုံးပစ္စည်း တခုခု မှာလို့ရပါတယ်။  အိပ်စိုက်စရာမလိုပဲ ဆုလာဘ်အဖြစ်ရတာပါ။


ပစ္စည်းလေးကို ဖွင့်နေရင်း ကျေးဇူးတော်ကို ချီးမွမ်းနေရင်း ဘုရားရဲ့ ဝိညာဉ်တော်ဖော်ပြတဲ့အရာတခု ခံစားရပါတယ်။ ဆုလာဘ်ရဖို့က ရည်ရွယ်ချက်ရှိရှိနဲ့ ပွိုင့်လေးတွေ စုထားဖို့ လိုပါတယ်။ တချို့လူတွေက အလုပ်ရှုတ်တာပဲ ဆိုပြီး အကောင့်မဖွင့်ထားသလို ပွိုင့်တွေ ရနိုင်ပါလျှက်နဲ့ မစုကြသူတွေလည်း ရှိပါတယ်။ ပွိုင့်မရှိရင် ဆုလာဘ် မရှိပါဘူး။


ထိုနည်း၎င်းပါပဲ တနေ့ အဖအိမ် ကောင်းကင်နိုင်ငံမှာ ဆုပေးပွဲ အခမ်းအနားရှိပါတယ် (၂ ကော ၅း၁၀)။ ယုံကြည်သူတိုင်းဟာ လောကမှာ နေတဲ့အချိန်မှာ ဘုရားခွဲခန့်ထားတဲ့အတိုင်း လုပ်ဆောင်မှု ရှိမရှိကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဘုရားရဲ့ နိုင်ငံတော်အတွက် စေတနာစိတ်မှန်ကန်စွာ အရင်းပြုလုပ်ဆောင်တဲ့သူတိုင်းအတွက် ဆုလာဘ်ရှိပါတယ် (မဿဲ ၅း၁၂၊ လုကာ ၆း၂၃၊ ၃၅ ၊ ၁ ကော ၃း၁၄၊ ၉ း၁၈) ။ လူတိုင်းရဲ့ လုပ်ဆောင်မှုအားလုံးကို မီးနဲ့စစ်မယ်လို့ ကျမ်းစာကပြောပါတယ် (၁ ကော ၃း၁၃)။ ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်ဟာ အပေါ်ယံလေးဖြစ်နေလို့ မရပါဘူး။ ဒါကြောင့် သံချေးပိုးရွ မဖျက်ဆီးနိုင်တဲ့ ကောင်းကင်ဘဏ္ဍာကို စုဆောင်းဖို့လိုပါတယ်။


ထာဝရအသက်ရတာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက်ပါ။ ဒါပေမဲ့ ထာဝရအသက်အပြင် ကောင်းကင်မှာ၊ လူပေါင်းမြောက်မြားစွာရှေ့မှာ တနေ့ ‘သာဓုသစ္စာရှိသောငယ်သာကောင်း’ လို့ ပြောပြီး ဆုလက်ဆောင်ရမယ်ဆိုရင် အတိုင်းထက်အလွန်ပါ။ အဲဒီအခွင့်အရေး လူတိုင်းမှာ ရှိပါတယ်။ သတိထားမိတဲ့လူတွေ ရှိသလို၊ သတိမမူမိသူများလည်း ရှိတယ်။ ရှင်ပေါလုကတော့ သူရမယ့် ဆုလာဘ်အတွက်ရည်ရွယ်ပြီး ပန်းတုံးတိုင်ကို ပြေးတယ်လို့ ပြောတယ် (ဖိလိပ္ပိ ၃း၁၄)။ မိတ်ဆွေရော…


ဒါကြောင့် ဒီလောကမှာ နေတဲ့ခဏလေးမှာ ကိုယ်အတွက်အသက်ရှင်တာထက် ကိုယ်တော်အတွက် အသက်ရှင်ပါ။ သခင့်အတွက် လုပ်တဲ့အရာရာတိုင်းဟာ ပွိုင့်လေးတွေ စုထားသလိုပါပဲ။ တနေ့ကျရင် ကိုယ်ရတဲ့ ပွိုင့်အလိုက် ဆုလာဘ်ရမှာ ဖြစ်တယ်လို့ ခွန်အားပေးချင်ပါတယ်။


ဘုရားသခင် သင့်ကို သိပ်ချစ်တယ်နော်မိတ်ဆွေ….

29 views0 comments

Recent Posts

See All

Comments


bottom of page